လိင်အင်္ဂါထိပ်ကနေ ပုံမှန်မဟုတ်တဲ့ အရည်တွေ ထွက်လာပြီဆိုရင်
လိင်အင်္ဂါထိပ်ကနေ ပုံမှန်မဟုတ်တဲ့ အရည်များ စိမ့်ထွက်လာခြင်းဟာ လိင်အပျော်အပါးလိုက်စားပြီး လိင်မှတစ်ဆင့် ရောဂါ (STDs) တွေ ကူးစက်ခံရတဲ့အခါ အတွေ့များတဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဆီးပူညောင်းကျ ဂနိုရောဂါ၊ ခလက်မီးဒီးယားရောဂါတွေလို STD တွေ ကူးစက်ခံရတဲ့အခါ လိင်တံထိပ်ကနေ အရည်စိမ့်ထွက်တာအပြင် တခြားလက္ခဏာတွေအနေနဲ့…
- ဆီးသွားနေတဲ့အချိန် နာကျင်မှု၊ ပူစပ်ပူလောင်ဖြစ်တဲ့ ဝေဒနာကို ခံစားရတာ
- ဝှေးစေ့ ရောင်နေတာ
- ဆီး၊ သုက်ရည်ထဲ သွေးပါနေတာ
- လိင်တံထိပ်၊ ပတ်လည်မှာ အင်ပြင်အနာတွေ ပေါက်လာတာ
- လိင်တံထိပ်အရေပြား ရောင်နေတာ
- ဆီးခုံရိုး နာကျင်ပြီး သက်သောင့်သက်သာမဖြစ်တာ
- ပြန်ရည်ကြောအကျိတ်တွေ ကြီးနေတာ
- မကြာခဏ ဆီးသွားချင်နေတတ်တာ
- လိင်တံထိပ်ကနေ အဝါရောင် ဒါမှမဟုတ် နို့နှစ်ရောင် အရည်တွေ စိမ့်ထွက်နေတာ
- ဆီးနံ့၊ စိမ့်ထွက်တဲ့အရည်အနံ့က အောက်သိုးသိုးဖြစ်နေတာ စတာတွေကိုပါ တွဲဖက်ခံစားရနိုင်ပါတယ်။
တခြား ဘာကြောင့် ဖြစ်နိုင်သေးလဲ?
၁။ လိင်တံထိပ်ဖူး ရောင်ရမ်းခြင်း (Balanitis)
ထိပ်အရေပြား မဖြတ်ထားတဲ့အပြင် သေချာသန့်ရှင်းရေးမလုပ်တဲ့ အမျိုးသားတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ ထိပ်ပတ်လည်မှာ ကပ်နေတဲ့ အရိအချွဲ၊ အဖတ်တွေကနေ ပိုးဝင်ပြီး ရောင်ရမ်းတာဖြစ်တာကြောင့် သင့်တော်တဲ့ သောက်ဆေး၊ လိမ်းဆေးနဲ့အတူ ကုသမှုခံယူမှ ပျောက်ကင်းနိုင်မှာပါ။
၂။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (UTI)
ဆီးလမ်းကြောင်း ပိုးဝင်ခြင်းဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံရာကနေလည်း ကူးစက်နိုင်သလို သဘာဝအရလည်း ဆီးသွားနည်းတာ၊ သန့်ရှင်းမှုမရှိတာကြောင့် ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်းတိုတဲ့အတွက် အမျိုးသားတွေနဲ့ ယှဉ်ရင်တော့ ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြေ ပိုများပါတယ်။ သင့်တော်တဲ့ ပဋိဇီဝပိုးသတ်ဆေးကို သေချာသောက်ရင်တော့ ပျောက်ဖို့အရမ်းလွယ်ကူပါတယ်။
၃။ ကင်ဆာမဟုတ်တဲ့ ဆီးကျိတ်ကြီးခြင်း (Prostatitis)
လူငယ်ပိုင်းနဲ့ အသက်လတ်ပိုင်း အမျိုးသားတွေမှာ ကင်ဆာကြောင့်မဟုတ်ဘဲ သဘာဝအတိုင်း ဆီးကျိတ် ဒါမှမဟုတ် ဆီးကျိတ်ဂလန်းကြီးနေတဲ့အခါ လိင်တံထိပ်ကနေ အရည်စိမ့်ထွက်တာအပြင် အဖျားတက်တာ၊ ချမ်းတုန်တာ၊ ခါးအောက်ပိုင်း နာကျင်တာ၊ ဆီးခုံရိုးနာကျင်တာ၊ လိင်စိတ်ဆန္ဒနည်းတာတွေပါ တွဲဖက်ဖြစ်နိုင်ပါတယ်။ Prostatitis အတွက်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။
၄။ ဆီးလမ်းကြောင်း ရောင်ရမ်းခြင်း (Urethritis)
လိင်ဆက်ဆံတာကြောင့် မဟုတ်ဘဲ သဘာဝအတိုင်း ဆီးလမ်းကြောင်းထဲ ရောဂါပိုးဝင်ရာကနေလည်း ဆီးလမ်းကြောင်း ရောင်လာနိုင်ပါတယ်။ ဆီးလမ်းကြောင်း ရောင်တဲ့အခါ အဝါ - စိမ်းဖန့်ဖန်ရောင် အရည်စိမ့်ထွက်တာအပြင် ဆီးသွားနေစဉ် ပူစပ်ပူလောင် ဝေဒနာကိုပါ ခံစားရနိုင်ပါတယ်။
ဘယ်လိုအခြေအနေတွေကို ပုံမှန်ဖြစ်တယ်လို့ သတ်မှတ်နိုင်လဲ?
သုက်ဦးရည်ကြည် (Pre-cum) ၊ သုက်ရည်ထွက်တာ၊ ဒါမှမဟုတ် သုက်လွှတ်ပြီး အထဲမှာကျန်နေခဲ့တဲ့ ဆီးနဲ့ရောသွားလို့ ဆီးအရောင် နည်းနည်းနောက်ကျိတာကိုတော့ ပုံမှန်အခြေအနေလို့ သတ်မှတ်နိုင်ပါတယ်။ ခွဲစိတ်မှုတစ်ခုခုခံယူထားပြီး အချိန်ကာလတစ်ခုအထိ လက်ကျန်သွေးစတွေက ဆီးနဲ့ရောပြီး ဆီးအရောင်မှာ အနီရောင်သမ်းနေတတ်တာကိုလည်း ပုံမှန်လို့ သတ်မှတ်နိုင်ပါတယ်။ ချွင်းချက်အနေနဲ့…
- ပုံမှန်မဟုတ်တဲ့ အရည်တွေဟာ ဒီအတိုင်း စိမ့်ထွက်နေတတ်တာ
- အရည်တွေကနေ အဝါရောင်၊ စိမ်းဖန့်ဖန်ရောင်၊ သွေးရောင် ရောနေတာ
- ဆီးသွားနေစဉ် နာကျင်မှုဝေဒနာ၊ ပူစပ်ပူလောင် ဖြစ်နေတတ်တာ
- လိင်တံထိပ်က ထွက်တဲ့အရည်တွေက အောက်သိုးသိုးအနံ့ဖြစ်နေတာ
- အဖျားပါ တက်လာတာ
- လိင်အပျော်အပါးလိုက်စားတတ်သူ တစ်ဦးဖြစ်နေတာ
- လိင်ဆက်ဆံဖော် အရေအတွက် များလွန်းတာ
- လက္ခဏာပြတဲ့အချိန် မတိုင်ခင်မှာ အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့ဖူးတာဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသပြီး သွေး၊ ဆီး စစ်ကြည့်သင့်ပါတယ်။
ရဲမျိုးမြတ်
ko phyo 02 Dec 2023 |
ဆရာရေ ကျွန်တော့်လိင်တဲအရေ ပြားက အစက လိင်တံထိပ်ဖူးကို ဆွဲထုတ်လို့ရတယ်ဆရာ ခုက အရေပြားကအရမ်းရှည်သလိုဖြစ်ပိးထိပ်ဖူးကိုဆွဲထုပ်မရအောင်ကျဥ်းသလိုမျိုးဖြစ်သွားတယ်ဆရာရေ ဖစ်သွားတာကလဲအရင်ကမဆွဲထုတ်ဖူးဘဲတစ်ခေါက်အာသာဖြေရင်းနဲ့ဆွဲထုပ်တာအရေပြားပြန်ဖုံးမရအောင်ထိပ်ဖူးဆနာက်မာစည်းထားသလိုဖစ်သွားတယ်ဆရာ ပြန်လုပ်ကြည့်တော့ပြန်ရပိးနောက်ပိူင်းမှခုပြန်ထုပ်မရသလိုဖြစ်နေတယ်ဆရာတစ်ခါတစ်လေယားပါတယ်ယားလို့ခုဖိလိုက်ရင်လဲအရေပြားပေါက်ပြဲသွားပ်းအနဲငယ်စပ်ဖျင်းဖျင်းနဲ့နာပါတယ်ဆရာလိင်တံအရေပြားက ခုဆိုအရင်လိုထိပ်ဖူးဝတောင်မမြင်ရတော့ဘူးဆရာရေဘာတေများလုပ်ရန်လိုအပ်ပါသလဲခင်ဗျာဖြေကြားပေးပါဥိး
မြင့်စိန် 19 Feb 2024 |
အရေပြားရည်နေ